အင်္ဂလိပ်ရေလက်ကြားတွင် ကုန်တင်သင်္ဘောနှင့် လောင်စာဆီတင် သင်္ဘောတိုက်မိ
ပဲရစ် ဇူလိုင် ၁
ဗြိတိန်နိုင်ငံ ဒိုဗာဆိပ်ကမ်း အရှေ့ဘက်ရှိ အင်္ဂလိပ် ရေလက်ကြား၌ ဇူလိုင် ၁ ရက် နံနက် အစောပိုင်းတွင် လောင်စာဆီတင် သင်္ဘောနှင့် ကုန်တင် သင်္ဘောတို့ တိုက်မိမှု ဖြစ်ပွားကြောင်းနှင့် ယင်းတိုက်မိမှု အတွင်း ဒဏ်ရာရရှိမှု မရှိကြောင်း ပြင်သစ် ရေကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မတော်တဆမှုသည် ဗြိတိန်ရေပိုင်နက် အတွင်း၌ ဒေသစံတော်ချိန် နံနက် ၃နာရီ တွင် ဖြစ်ပွားခြင်း ဖြစ်သည်။ ၎င်းတိုက်မိမှု ဖြစ်ပွားသည့် လောင်စာဆီတင် သင်္ဘောသည် အမှုထမ်း ၂၇ ဦးနှင့်အတူ တန်ချိန် ၄၀၀၀၀ ရှိသော ဟိုက်ဒရိုကာဗွန် များကို သယ်ဆောင်လာခြင်း ဖြစ်ကြောင်းနှင့် Huayan Endeavour အမည်ရှိ ကုန်တင်သင်္ဘောသည် ကုန်ပစ္စည်းမပါဘဲ အမှုထမ်း ၂၂ ဦးသာ တင်ဆောင်လာခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ယင်းကဲ့သို့ သင်္ဘောနှစ်စင်းလုံး မတော်တဆ တိုက်မိမှု ဖြစ်ပွားပြီးနောက် လောင်စာဆီတင် သင်္ဘောသည် ပင်လယ်ပြင်အတွင်း ဆက်လက် လွင့်မျောသွား သော်လည်း ၎င်းကို စောင့်ကြည့်နေဆဲ ဖြစ်ကြောင်းနှင့် Huayan Endeavour သင်္ဘောမှာ လမ်းညွှန်သည့် အတိုင်း မောင်းနှင် သွားလာလျက် ရှိကြောင်း ပြင်သစ်ရေကြောင်း အာဏာပိုင်များက အစီရင်ခံစာ တစ်စောင်တွင်ပြောသည်။ အဆိုပါ မတော်တဆ ဖြစ်ပွားရာ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံကြားရှိ ရေလက်ကြားသည် ကမ္ဘာပေါ်ရှိ ကုန်သွယ်ရေး ဆိုင်ရာသင်္ဘော များကို ဖြတ်သန်းသွားလာခွင့် ပြုထားသည့် ရေလမ်းကြောင်း တစ်ခုဖြစ်ပြီး ၎င်းနေရာတွင် တစ်နေ့လျှင် ကုန်တင် သင်္ဘောအစင်း ၅၀၀ ခန့် ဖြတ်သန်း သွားလာကြောင်း သိရသည်။
No comments:
Post a Comment