*ကုလကိုယ်စားလှယ် ၀င်ခွင့်မပြုတဲ့ မြန်မာကို အရေးယူဖို့ မလေးရှား စီစဉ်နေ*
ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ် နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီက စေလွတ်မယ့် အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံ လာရောက်ခွင့် ပြုမှာ မဟုတ်ကြောင်း ဆုံးဖြတ်ချက် ချလိုက်တာကြောင့် မြန်မာအစိုးရအပေါ် အရေးယူ ဆောင်ရွက်ဖို့ စဉ်းစားနေတယ်လို့ မလေးရှား ဒုတိယ ၀န်ကြီးချုပ် Ahmad Zahid Hamidi က ပြောကြောင်း မလေးရှားနိုင်ငံက The Straits Times သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာမှုဆိုင်ရာနည်းလမ်း၊ ဒါမှမဟုတ် သံတမန်ရေး နည်းလမ်း တခုခုနဲ့ အရေးယူ ဆောင်ရွက်နိုင်မလားဆိုတဲ့ အကြံပြုချက်ကို မလေးရှားနိုင်ငံခြားရေးဌာနကနေ ရယူသွားမှာဖြစ်ကြောင်း မလေးရှား ဒုဝန်ကြီးချုပ်က ပြောပါတယ်။
သူ့အနေနဲ့ နိုင်ငံခြားရေးဝန်ကြီး Anifah Aman နဲ့ ဒီကိစ္စကို ဆွေးနွေးပြီး မြန်မာနိုင်ငံ အတွင်းက နောက်ဆုံး ဖြစ်ပေါ်မှုတွေကို လေ့လာသုံးသပ်မှာ ဖြစ်ကြောင်း ဒုဝန်ကြီးချုပ် Hamidi က သတင်းစာရှင်းလင်းပွဲတခုအတွင်း ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံကို လာရောက်ခွင့် ပြုမှာ မဟုတ်ကြောင်း ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ပြုလုပ်တဲ့ လွှတ်တော် အမေးအဖြေခန်းမှာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က ဖြေကြားခဲ့တာပါ။
ဇွန်လ ၂၉ ရက်နေ့မှာပဲ ရခိုင်အရေးနဲ့ပတ်သက်လို့ နိုင်ငံတော် သမ္မတအိမ်တော်မှာ အထူး စည်းဝေးပွဲ ခေါ်ယူ ကျင်းပခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေအပေါ် ချိုးဖောက် ကျူးလွန်မှုတွေ အဆုံးသတ်ရေး နိုင်ငံတကာက ပါဝင်ဆောင်ရွက်လာအောင် မွတ်ဆလင်နိုင်ငံတွေအနေနဲ့ ဦးဆောင် လုပ်ကိုင်ကြဖို့ မလေးရှားဝန်ကြီးချုပ် Najib Razak က ဇန်န၀ါရီလအတွင်း ကျင်းပတဲ့ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ညီလာခံအတွင်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။
သောကြာနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ ရခိုင်အရေး အထူးအစည်းအဝေးမှာ လုံခြုံရေး အကြံပေး ဦးသောင်းထွန်း တက်ရောက် ဆွေးနွေးခဲ့တာမှာ - ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရက လာရောက်ခွင့်ပြုမှာ မဟုတ်ဘူး ဆိုတာနဲ့ ပတ်သက်လို့ အစိုးရပိုင် ရုပ်သံသတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ - တချို့နိုင်ငံတွေက နိုင်ငံတကာ စံနှုန်းတစ်ခု ဖြစ်ဖို့ ကြိုးစားခဲ့တာဟာ စေတနာကောင်းနဲ့ ဆောင်ရွက်တာမျိုး ရှိနိုင်ပေမယ့် နိုင်ငံရေးအရ တလွဲ အသုံးပြု ထိုးနှက်တာမျိုးတွေ တွေ့ရကြောင်း၊ မြန်မာနိုင်ငံကိုလည်း စွပ်စွဲပြောဆို တာမျိုးတွေ ရှိနေကြောင်း၊ ဒါ့ကြောင့် နိုင်ငံတကာ စံနှုန်းတွေကို တလွဲသုံးပြီး လွှမ်းမိုးခြယ်လှယ် လိုမှုတွေကို သတိပြုရှောင်ရှားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
https://burmese.voanews.com/a/3925323.html
No comments:
Post a Comment