ရွှေစည်းခုံ စေတီတော်ကြီး၌ ရွှေစင်ရွှေပြားများနှင့် ရွှေသင်္ကန်း ဆက်ကပ် လှူဒါန်းနိုင်ရန် စီစဉ်
ညောင်ဦး ဇူလိုင် ၁
ညောင်ဦးမြို့ အံ့ဖွယ်ကိုးစုံ ရွှေစည်းခုံ စေတီတော်ကြီး၏ ကြာမှောက်၊ ကြာလန်နှင့် ရွဲတို့အား ရွှေစင်ရွှေပြားဖြင့် လည်းကောင်း၊ ကျန်အပိုင်းများကို မျက်ပါးရွှေဖြင့်
လည်းကောင်း၊ လုံးတော်ပြည့် ရွှေသင်္ကန်းတော်မြတ် ဆက်ကပ် လှူဒါန်းနိုင်ရန်နှင့် စေတီတော်ကြီး အောက်ပိုင်းရှိ အရံစေတီလေးဆူ၊ ကြာသွပ် အိုး ၁၂ လုံး၊ နတ်မုခ်၊ နတ်လှေကားလေးခုတို့အား ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါ စေတီတော်ကြီး၏ ဂေါပကအဖွဲ့ ထံမှ သိရသည်။
ရွှေစည်းခုံစေတီတော်သည် အနော်ရထာမင်း လက်ထက် ခရစ်သက္ကရာဇ် ၁ဝ၄၄ ခုနှစ်က တည်ဆောက် လှူဒါန်းခြင်းဖြစ်ပြီး ပစ္စယာ သုံးဆင့်အထိသာ ပြီးစီးသည့်အတွက် ကျန်စစ်သားမင်းက ၁၁၁၃ ခုနှစ်အတွင်း ဆက်လက် တည်ဆောက်ခြင်းကြောင့် အနော်ရထာမင်းနှင့် ကျန်စစ်သားမင်းတို့၏ ကောင်းမှုတော်ဖြစ်သည်။ စေတီမှာ မြေစိုက်ဖြစ်ပြီး ပစ္စယာသုံးဆင့်ရှိသည်။ ပစ္စယာ အဆင့်ဆင့်တွင် စဥ့်စိမ်းသုတ်ရုပ်ကြွ အုတ်ချပ်များရှိ၍ ငါးရာ့ငါးဆယ် ဇာတ်တော်ကို သရုပ်ဖော်ထားသည်။
ပစ္စယာအဆင့်ဆင့်တွင် ထောင့်စေတီများ စိုက်ထားပြီး နတ်လှေကားများ တပ်ဆင်ထားသည်။ တတိယပစ္စယာ အထက်တွင် ရှစ်ထောင့်ကြာဝန်း၊ ကျည်းဝန်း၊ ခေါင်းလောင်းပုံ၊ ရင်ဖွဲ့ခါးပတ်၊ သပိတ်မှောက်၊ ဖောင်းရစ်၊ ကြာမှောက်၊ ရွဲ၊ ကြာလန်၊ ပဉ္စလောဟာချရားသီးနှင့် ထီးတော်တို့ဖြင့် တန်ဆာဆင်ထားသည်။
ရွှေစည်းခုံစေတီသည် ထင်ရှားသည့် မြတ်စွယ်တော် လေးဆူတွင် တစ်ဆူအပါအဝင် ဖြစ်သည်။ ညောင်ဦးမြို့ မြောက်ဘက် ဧရာဝတီ မြစ်ကမ်းနံဘေး၌ တည်ရှိသည်။
ရှေးဟောင်း မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်ပြီး ပုဂံဒေသ၌ သာသနိက အဆောက်အအုံပေါင်း သုံးထောင်ကျော် ရှိသည့်အနက်ဓမ္မရံကြီး လိုဏ်ဂူဘုရားသည် ထုထည်ပမာဏ အကြီးမားဆုံး၊ သဗ္ဗညု လိုဏ်ဂူဘုရားသည် ဥာဏ်တော်အမြင့်ဆုံး၊ အာနန္ဒာ လိုဏ်ဂူ ဘုရားသည် အနုပညာလက်ရာ အမြောက်ဆုံးနှင့် ရွှေစည်းခုံစေတီသည် တန်ခိုးအကြီးဆုံးဟု ထင်ပေါ်ကျော်ကြားသည်။
စေတီ၏အမြင့်မှာ ပေ ၁၆ဝ၊ စေတီဖိနပ်တော်အလျား ပေ ၁၆ဝ၊ မဟာတံတိုင်း အရှေ့အနောက်အလျား ၇၆၈ ပေ၊ တောင်နှင့်မြောက် အလျား ၇၅၉ ပေ ရှိသည်။ အဆိုပါ ရွှေစည်းခုံစေတီတော်ကြီးသို့ လှူဒါန်းလိုပါက ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဖုန်း-ဝ၉-၂ဝ၄၃၅၄၈ နှင့် ဝ၉-၄၂၆၅ဝ၁၁၄၂ တို့သို့ ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
ဝန်းရံခ
No comments:
Post a Comment