တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းပုံစံ ယခုနှစ်မှ စပြောင်းမည်၊ ဇူလိုင်လဆန်းတွင် နိုင်ငံပိုင် သတင်းမီဒီယာများမှတစ်ဆင့် ထုတ်ပြန် အသိပေးမည်
တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲတွင် ဘာသာရပ်အလိုက် မေးခွန်းပုံစံများ ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ ပြောင်းလဲရန် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက စီစဉ်လျက်ရှိကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ဒု-ညွှန်ချုပ် ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။
ယခုနှစ် ပြောင်းလဲမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဘာသာရပ်အလိုက် မေးခွန်းပုံစံများကို ဆရာများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားများ သိရှိနိုင်ရန် ဇူလိုင်လဆန်းတွင် နိုင်ငံပိုင်သတင်းမီဒီယာများမှတစ်ဆင့် ထုတ်ပြန် အသိပေးမည်ဖြစ်သည်။
ထို့သို့ ထုတ်ပြန် အသိပေးရန် စာစစ်မှူးချုပ်များထံမှ ဘာသာရပ်အလိုက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းပုံစံများကို ယခုဇွန်လကုန် နောက်ဆုံးပေးရန် အဆင့်မြင့်ပညာဦးစီးဌာနက တောင်းခံထားသည်။
ပြောင်းလဲမည့် မေးခွန်းပုံစံများအတွက် စာစစ်မှူးချုပ်များ ညှိနှိုင်း၊ ပြင်ဆင်နေဆဲဖြစ်၍ မည်သို့ပြောင်းမည်၊ ဘာကြောင့် ပြောင်းမည်ကို ပြောဆိုရန် လတ်တလော မဖြစ်နိုင်သေးကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ဒု-ညွှန်ချုပ် ဒေါက်တာအောင်အောင်မင်းက ပြောဆိုသည်။
The Voice
No comments:
Post a Comment