စာအုပ်နှင့်သီချင်းlink: ဘဝ ဒဿန အရှင်နန္ဒမာလ

Search This Blog

Thursday, June 29, 2017

ဘဝ ဒဿန အရှင်နန္ဒမာလ

လူတိုင်းလူတိုင်း ဘဝတစ်ခုစီရရှိထားကြလို့ ကိုယ်စီဘဝတွေရှိနေကြတယ်။သို့ သော် ဘဝနဲ့ ပက်သက်ပြီးအမြင်ချင်းမတူကြပေဘူး။တချို့ကဘဝကိုပျော်စရာလို့မြင်ကြတယ်။တစ်ချို့ကဘဝကိုငြီးငွေ့စရာလို့မြင်ကြတယ်။
ဘဝမှာအဆင်ပြေနေတဲ့ပုဂ္ဂိုလ်တွေက "အေး၊ဒို့ရထားတဲ့ဘဝဟာသာတောင့်သာယာရှိတယ်၊အင်မတန်မှကောင်းတယ်လို့ ဘဝကိုအကောင်းမြင်တဲ့ပုဂ္ဂိုလ်တွေရှိသလို ဘဝမှာအဆင်မပြေတဲ့ပုဂ္ဂိုလ်တွေကျတော့ "အို-ဘဝကြီးကငြီးငွေ့စရာကောင်းလိုက်တာ"တဲ့၊ ထွက်ပြေးချင်စိတ်တွေပေါ်လာလောက်အောင် ဘဝကိုစက်ဆုပ်ရွံမုန်းတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။ဒီလိုဘဝနဲ့ပက်သက်ပြီးအမြင်အမျိုးမျိုးရှိကြတယ်။

ဘဝကိုကောင်းတယ်,သာယာတယ်,လှပတယ်လို့မြင်တဲ့ပုဂ္ဂိုလ်တွေကတစ်မျိုး၊ဘဝကိုအုပ်ဆိုးအကျည်းတန်တယ်လို့မြင်တဲ့ပုဂ္ဂိုလ်တွေကတစ်မျိုးတဲ့။ အေး-ထိုနှစ်မျိုးလုံးရဲ့အမြင်တွေဟာ သေချာစဉ်းစားကြည့်လို့ရှိရင် ဓမ္မအမြင်နဲ့မြင်တဲ့အမြင်မျိုးမဟုတ်ဘူး။ဘဝကိုလှတယ်,ပတယ်,သာယာတယ်,ပျော်စရာကောင်းတယ်လို့ဆိုတဲ့ပုဂ္ဂိုလ်တွေက ကုသိုလ်ကောင်းမှုလုပ်တိုင်းလုပ်တိုင်းဒီထက်ကောင်းတဲ့ဘဝကိုမျှော်လင့်တောင့်တပြီးကောင်းသထက်ကောင်းတဲ့ဘဝကိုဆုတောင်းပြီးတောင်ယူကြတယ်နော်။အင်မတန်တိုတောင်းတဲ့ဘဝကလေးတောင်မှတချို့ကဘဝဟာအင်မတန်တိုတယ်၊ရနိုင်သမျှပျော်ပျော်ကလေးနေရမယ်၊ "ပျော်ပျော်နေသေခဲ" လို့ဆိုပြီးဘဝမှာအပျော်ရှာပြီး အကောင်းဘက်ကတွေးနေကြတယ်။

အနောက်တိုင်းကလူတွေ ပြောလေ့ရှိကြတယ်၊ Life is too short. Enjoy Yourself. ဘဝဟာတိုတိုလေးပဲ၊ ပျော်ပျော်နေပါတဲ့။ ဘုန်းကြီးတို့ အမေရိကားမှာ နေတုန်းက The Love Boat ဆိုတဲ့ရှုပ်ရှင်ကားကြည့်ဖူးတယ်။ အဲဒီမှာ အဘိုးကြီး အမယ်ကြီးတွေ ဘာမှအလုပ်မရှိအကိုင်မရှိတော့ ပျင်းရိငြီးငွေ့ပြီး အပျော်ရှာတဲ့အကြောင်းကိုရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ အဲဒီဇာတ်ကားထဲမှာ သင်္ဘောကြီးကိုစီးပြီး စိတ်ပျော်ရွှင်မှုကိုရှာကြတယ်။ သင်္ဘောကြီးပေါ်မှာနေတုန်း ကတော့ အလွန်ပျော်ကြတယ်။ ပြန်လည်ရောက်လာလို့ သင်္ဘောကနေဆင်းကြတဲ့အခါမှာ အဘိုးကြီးအမယ်ကြီးတွေမျက်ရည်စက်လက်နဲ့ ဝမ်းနည်း ပမ်းနည်း ငိုယိုကြတာကိုတွေ့ရတယ်။
လောကကြီးမှာပျော်စရာရှာပေမယ့်လို့ ပျော်စရာချည်းတွေ့တာမဟုတ်ဘူး။ အကောင်းရှာပေမယ့်လို့ အကောင်းကြီးတွေ့တာမဟုတ်ဘူး။ ဘဝဆိုတာ အကောင်းအဆိုးရောနေတာ၊ သို့သော်ကောင်းတဲ့အကွက်ကလေးတွေရှိတယ်။ ဒါ့ကြောင့်မို့ လူတွေဟာ ဘဝမှာပျော်နေကြတာပေါ့။ ဘယ်အရာပဲဖြစ်ဖြစ်အကောင်းရှိသလိုအဆိုးလည်းရှိတယ်။

ဗုဒ္ဓစာပေမှာ "အဿာဒ" နှင့် "အာဒီနဝ"ခွဲခြားဖေါ်ပြလေ့ရှိတယ်။ လောကမှာကျေနပ်စရာ၊ ကြိုက်နှစ်သက်စရာ၊ပျော်ရွှင်စရာ ၊ စွဲမက်စရာ attractive ဆိုတာရှိတယ်။ အဲဒါကို အဿာဒ Enjoyment လို့ ခေါ်တယ်။ ဘဝမှာကြိုက်နှစ်သကိစရာတွေရှိတယ်၊ ဘဝကိုအကြောင်းပြုပြီးပျော်ကြတယ်၊ ချမ်းသာသုခတွေရကြတယ်၊ အဆင်ပြေနေတယ့်ဘဝမှာဆိုလို့ရှိရင် ပျော်လို့ရွှင်လို့၊ ဒါဘဝရဲ့သာယာမှုကလေးတွေပေါ့နော်။ ဒါကို အဿာဒလို့ခေါ်တယ်။

အဲဒီသာယာမှုလေးတွေဟာ ထာဝရမဟုတ်ဘူး။ ခဏကလေးပဲ၊ မတည်မြဲဘူး၊ ယခုပျော်ရွှင်စရာတွေ့ပေမယ့်တော်ကြာပျော်ရွှင်စရာတွေကုန်ဆုံးသွားတယ်။ အဲဒါက ကျေနပ်စရာမကောသ်းတဲ့ချက်ပဲ။ အာဒီနဝ Unsatisfactoriness လို့ ခေါ်တယ်။
လောကမှာ သတ္တဝါတွေ ပျော်ပြီးရင်းပျော်နေကြတာ ဘဝမှာပျော်စရာရှိလို့ သာပျော်နေကြတာ။ မျက်စိက အဆင်းအာရုံလေးကိုကြည့်ပြီးတော့ ပျော်ရွှင်မှုကိုရှာကြတယ်။ နားက သာယာတဲ့အသံကလေးကိုနားထောင်ပြီးတော့ပျော်ရွှင်မှုကိုရှာကြတယ်။ နှာခေါင်းက မွှေးကြိုင်တဲ့အနံ့ ကလေးကိုနမ်းရှူပြီးတော့ပျော်ရွှင်မှုကိုရှာကြတယ်။ လျှာက ကြိုက်နှစ်သက်တဲ့အရသာလေးကိုခံစားပြီးတော့ ပျော်ရွှင်မှုကိုရှာကြတယ်။ ခန္ဓာကိုယ်ကြီးကလည်းပဲသာယာတဲ့အထိအတွေ့ကလေးတွေကိုထိတွေ့ပြီးတော့ ပျော်ရွှင်မှုကိုရှာကြတယ်တဲ့။ ဘဝကို အရင်းအနှီးပြုပြီးတော့ကြိုက်နှစ်သက်စရာတွေ၊ ပျော်ရွှင်စရာတွေရကြတယ်။ ဒါကြောင့်မို့လို့ ဘဝကြီးကိုပျော်စရာလို့ မြင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်။
အေး-တစ်ချို့ကတော့ ဘဝကြီးနဲ့ပက်သက်ပြီးအဆင်မပြေကြဘူး၊ နေရေးထိုင်ရေးလည်းအဆင်မပြေဘူး၊ စားရေးသောက်ရေးလည်းအဆင်မပြေဘူး၊ဒုက္ခသုခတွေရောနေတဲ့ဘဝထဲရောက်လာတဲ့အခါ အဲဒီဘဝနဲ့ ပက်သက်ပြီးကျေနပ်နှစ်သိမ့်မှုမရရှိကြဘူး။ ဘဝကနေ ထွက်ပြေးချင်စိတ် တွေ ပေါ်ပေါက်လာကြတယ်။ နောက်ဆုံးမှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်မှု suicide လုပ်ကြပြီးလက်ရှိဘဝက ထွက်ပြေးသွားကြတဲ့သူတွေရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ဘဝကို စိတ်ပျက်စရာကြီး ငြီးငွေ့စရာကြီးလို့မြင်တယ်။ အဲဒီအမြင်နှစ်မျိုးရှိရာမှာ အကောင်းမြင်တဲ့ပုဂ္ဂိုလ်တွေကို optimist လို့ခေါ်တယ်။ အဆိုးးမြင်တဲ့ပုဂ္ဂိုလ်ကျတော့ pessimist လို့ ခေါ်တယ်။
မြတ်စွာဘုရားကိုယ်တော်မြတ်က လောကမှာ အကောင်းချည်းလည်းမဟုတ်ဘူး အဆိုးကြီးလည်းမဟုတ်ဘူး၊အဿာဒလို့ဆိုတဲ့ သာယာစရာတွေ နှစ်သက်စရာတွေရှိသလို အာဒီနဝလို့ ဆိုတဲ့ အပြစ်တွေလည်းရှိတယ်။ ဒါကြောင့် မို့လို့ဒီနှစ်ခုကို ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိမြင်တာမှ ဓမ္မအမြင်လို့ပြောပါတယ်။ Realism ပေါ့။ ဒါကြောင့်မို့ဘဝကို အမြင်အမျိုးမျိုးနဲ့ကြည့်တဲ့အခါမှာ ဘုန်းကြီးတို့ဒီကနေ ဘဝအသွင်ကို ဓမ္မအမြင်နဲ့ကြည့်ရအောင်။

ဓမ္မအမြင်
ဓမ္မဆိုတာ အမှန်တရားကိုပြောတာ၊ The Law of Nature ပေါ့။ဓမ္မဆိုတဲ့စကားလုံးက အ္တနော သဘာဝံ ဓာရေတီတိ ဓမ္မော၊သူ့သဘာဝအတိုင်းသူဖြစ်နေတာကိုပြောတာ။ အဲဒီ ဓမ္မကိုသိမြင်တဲ့အမြင်ဟာ ဓမ္မအမြင်ပဲ၊ဓမ္မဉာဏ်ပဲ။ ဓမ္မဉာဏ်နဲ့ အမှန်ကိုသိမြင်တဲ့အခါကျမှ ဘဝဆိုတာဘယ်လိုဟာလဲဆိုတာ သဘောပေါက် လာမှာဖြစ်ပါတယ်။

ဓမ္မအမြင်နဲ့ ကြည့်လိုက်တော့ -
(၁) ဘဝဆိုတာ မကောင်းတဲ့ဆီတွန်းပို့တာ ခံနေရတာ၊ အခြေအနေကတည်ငြိမ်နေတာမဟုတ်ဘူး။
(၂) အဲဒီတွန်းပို့ခံနေရတဲ့မတည်ငြိမ်တဲ့ဘဝကြီးမှာ ကာကွယ်နိုင်သူ၊အုပ်ချုပ်နိုင်သူမရှိဘူး၊အကာအကွယ်မဲ့နေတယ်။
(၃) ဘဝကြီးမှာပိုင်ဆိုင်တယ်ဆိုတာတစ်ခုမှမရှိဘူး၊အားလုံးထားခဲ့ရမှာဖြစ်တယ်။
(၄) ဘဝကြီးဟာအမြဲတမ်းလိုပြီးတော့နေတယ် ဘယ်တော့မှရောင့်ရဲတင်းတိမ်တယ်ဆိုတာမရှိဘူး၊တဏှာရဲ့ကျွန်ဖြစ်နေကြတယ်။
ဟောဘဝနဲ့ပက်သက်ပြီးဒါတွေကိုဒီလိုမြင်မှဓမ္မနဲ့မြင်တယ်လို့ပြောရမှာနော်။
ပါမောက္ခချုပ်ဆရာတော်ကြီးဟောကြားတော်မူသော "ဘဝအသွင်ကိုဓမ္မအမြင်ဖြင့်ရှုကြည့်ခြင်း"တရားဒေသနာမှ
#AshinNandamalabhivamsa
www.drnandamalabhivamsa.com.mm

No comments:

Post a Comment