စာအုပ်နှင့်သီချင်းlink: ကျင့်ဝတ်နဲ့မညီတဲ့ သတင်းထောက်များအရေးယူခံရတာ ဝမ်းနည်းစရာမဟုတ်

Search This Blog

Thursday, June 29, 2017

ကျင့်ဝတ်နဲ့မညီတဲ့ သတင်းထောက်များအရေးယူခံရတာ ဝမ်းနည်းစရာမဟုတ်

Credit ဘက်မလိုက်သတင်း
ကျင့်ဝတ်နဲ့မညီတဲ့ သတင်းထောက်များအရေးယူခံရတာ ဝမ်းနည်းစရာမဟုတ်
29-6-2017
မြန်မာနိုင်ငံမှာ ဇွန်လတစ်လလုံးဟာ သတင်းမီဒီယာနဲ့ တပ်မတော်တို့ ထိပ်တိုက်တွေ့ဆုံမှု ဆက်တိုက် ဖြစ်ခဲ့ရတဲ့လပဲ ဖြစ်ပါတယ်။ The Voice အယ်ဒီတာနဲ့ သရော်စာရေးသူကို တရားစွဲခဲ့မှု ကြောင့် မီဒီယာလောကရဲ့ Campaign လုပ်မှုများနဲ့ ကြုံနေရစဉ်မှာ ဇွန်လ ၂၇ ရက်နေ့မှာ TNLA တွေ လှုပ်ရှားနေတဲ့နယ်မြေက ပြန်လာတဲ့ သတင်းထောက်(၃)ယောက်ကို တပ်မတော်ရဲ့ရှေ့တန်းက တပ်တွေက မတရားအသင်းဆက်သွယ်မှုနဲ့ဖမ်းဆီးပြီး အမှုဖွင့်လိုက်ပြန်တာကြောင့် မီဒီယာ လောကနဲ့ အချင်းများမှုဟာ ပိုပြီးပြင်းထန်လာခဲ့ပါပြီ။ ထူးခြားတာကတော့ The Voice ကို တရား စွဲစဉ်က လက်မခံခဲ့တဲ့ သတင်းမီဒီယာလောကထဲက တော်တော်များများဟာ အခု DVB နဲ့ Irrawaddy က ၃ ယောက်ဖြစ်စဉ်မှာတော့ သတင်းမီဒီယာကျင့်ဝတ်နဲ့မညီဘူးလို့ အချင်းချင်း ထောက်ပြပြောဆိုမှုတွေ ရှိလာပါတယ်။  
သတင်းထောက်တွေဘက်ကတော့ ဖမ်းဆီးထားတဲ့ သတင်းထောက်တွေလွှတ်ပေးဖို့ ဇွန်လ ၃၀ ကျရင် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လက်မှတ်ရေးထိုးဆန္ဒပြဖို့ရှိတယ်လို့ သိရပါတယ်။ မီဒီယာ အသိုင်း အဝိုင်းက သတင်းမီဒီယာဥပဒေပါ "သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်" ကို ချိုးဖောက်တယ်လို့ ပြောနေကြပါတယ်။ သတင်းမီဒီယာ ဥပဒေ အခန်း (၃)၊ ပုဒ်မ ၇ မှာ “သတင်းမီဒီယာသမားတစ်ဦး သည် စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူ ဆန္ဒပြရာ နေရာဒေသ တို့၌ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ သတင်း ရယူစဉ်တွင်--(က) လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း တစ်ရပ်ရပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်း မှတ်တမ်း စသည့် သတင်းရယူခြင်းနှင့် သက်ဆိုင်သော ကိရိယာများကို သိမ်းယူခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ်စေရမည်”လို့ဆိုထားတာ တွေ့ရပါတယ်။
အပိုဒ်(က) ပါ ဖမ်းဆီးသိမ်းယူခြင်း ကင်းလွတ်ရမည်ဆိုသော်လည်း “သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့ အစည်းက သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ”ဆိုတဲ့ စကားရပ်ခံထားတာဟာ အဓိပ္ပာယ် အများကြီး ‘တာ’သွားစေပါတယ်။ အခုအခင်းဖြစ်ပွားရာနယ်မြေဟာ တိုက်ပွဲဖြစ်နေတဲ့ နယ်မြေဖြစ် ပါတယ်။ စကားလုံးအကြီးကြီးသုံးရမယ်ဆိုရင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ အချုပ် အခြာအာဏာပိုင်နယ်မြေအတွင်းမှာ နိုင်ငံရဲ့တစ်ခုတည်းသော တရားဝင်လက်နက်ကိုင်တပ်မတော် လှုပ်ရှားပိုင်ခွင့်ရှိတဲ့ နယ်မြေအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်း ကတော့ NCA မထိုးထားရသေးတဲ့အပြင် နိုင်ငံတော်ကအသိအမှတ်ပြုမထားတဲ့ အဖွဲ့လည်းဖြစ် နေပါတယ်။ သတင်းသမားတွေဟာ သောင်းကျန်းသူလို့သတ်မှတ်ထားတဲ့နယ်မြေကို ခိုးဝင်သွားပြီး အပြန်မှာလည်း လိုင်စင်မဲ့ကားနဲ့ ခိုးထွက်လာခဲ့တာမျိုးဟာ သတင်းသမားတစ်ယောက်ရဲ့ လုပ်နည်း မှန်ပါရဲ့လားလို့ မေးခွန်းထုတ်စရာပါပဲ။
နောက်တစ်ချက်ကတော့ အခုသတင်းသွားယူတဲ့ သတင်းမီဒီယာ ၃ ဦးဟာ တစ်ချိန်က တောခို လက်နက်ကိုင်အဖွဲ့တွေမှာ ဝင်ရောက်ခဲ့ဖူးသူတွေ ဖြစ်နေတဲ့အချက်ကလည်း သံသယဝင်စရာ ဖြစ်သွားစေပါတယ်။ အခင်းမဖြစ်ပွားမီ ဇွန်လ ၂၃ ရက်နေ့မှာ ဧရာဝတီသတင်းထောက် လဝီဝမ် ရေးသားခဲ့တဲ့ တနိုင်းပဋိပက္ခနယ်မြေသို့ အရောက်သွားခြင်းဆိုတဲ့ ဆောင်းပါးတစ်ပုဒ်မှာ တပ်မတော်ကို ဗမာတပ်ဆိုပြီးသုံးနှုန်းထားသလို တပ်မတော်ရှိတဲ့နယ်မြေမှာနေရတာ ကြောက်ရွံ့ စိုးရိမ်မိတယ်ဆိုတဲ့ သတင်းထောက်ရဲ့ အသုံးအနှုန်းနဲ့ လက်နက်ကိုင်တွေဘက်မှာတော့ ပျော်ရွှင်ဖွယ် ကောင်းအောင် သောက်စားပျော်မြူးနေရတယ်ဆိုပြီး ရေးသားခဲ့တာဟာ သတင်းထောက်ရဲ့ ပုဂ္ဂလိက ခံစားချက်ကို ထင်သာမြင်သာဖြစ်စေခဲ့ပါတယ်။ တစ်ချိန်က သူပုန်လည်း လုပ်ခဲ့ဖူးသူ၊ အခုလည်း တပ်ဘက်ကို အမြင်စောင်းနေသူ သတင်းထောက်တစ်ယောက်ဟာ နိုင်ငံ့အချုပ်အခြာအာဏာကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တွေဆီသွားပြီး သတင်းယူတယ်ဆိုတဲ့ အဖြစ်ရဲ့နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ ဇာတ်လမ်းတွေလည်း ရှိနိုင်တယ်မဟုတ်လား။ တပ်ဘက်က ဒီလိုအမြင်မျိုး တွေးကောင်း တွေးနိုင်ပါတယ်။
ဆိုခဲ့သလိုမျိုး သမိုင်းလည်းမကောင်းခဲ့ ၊ လက်ရှိလည်း တစ်ဖက်စွန်းမှာနေတဲ့ သတင်းထောက်တွေ ဟာ မီဒီယာလောကမှာ သိုးမည်းတွေလို ဖြစ်နေဦးမှာပါပဲ။ မီဒီယာသမားဆိုတာ သတင်းမှန်ကို မြတ်နိုးပြီး အစွန်း၂ဘက် မနင်းဘဲ မှန်တာကို ရဲရဲဝံ့ဝံ့တင်ပြရမယ်မဟုတ်လား။ သမာသမတ် ရှိရမယ့်အစား တစ်ဖက်ကိုသာစေ၊ တစ်ဖက်ကို နာစေဆိုတဲ့ အစွဲမျိုးမကင်းတဲ့သူတွေနဲ့ ဥပဒေဘောင် အပြင်ကသူတွေနဲ့ ပေါင်းဖက်နေတာကို မြင်ရတာဟာ ကောင်းတဲ့အလားအလာတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ မီဒီယာဆိုတဲ့ခေါင်းစဉ်အောက်မှာ အခွင့်ထူးခံလိုနေပြီး ငါတို့ပြောတာ အမှန် ငါတို့ လူကိုထိရင် မရဘူးဆိုတဲ့ စိတ်ထားတွေ ထားလာတဲ့သူတွေများလာလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဦးဝင်းထိန်းကတောင် ကျီးကန်းတွေလို မအာကြနဲ့လို့ သတိပေးခဲ့ဖူးတယ် မဟုတ်လား။ ဦးဝင်းထိန်ဆိုတာ အစိုးရရဲ့ပေါ်လစီတွေကို သိရှိကိုင်တွယ်နေသူဆိုတာလည်း သတင်းသမားတွေ အသိပါပဲ။ သူကတောင် အခုကိစ္စမှာ ဖိတ်တိုင်းမသွားသင့်ဘူး၊ ဒီဖြစ်ရပ်ဟာ မီဒီယာလွတ်လပ်ခွင့်နဲ့ မဆိုင်ဘူးလို့ ထုတ်ပြောလာတာကို ကြည့်ခြင်းအားဖြင့် အာဏာရပါတီဘက်ကပါ ဒီကိစ္စကို ဖြစ်သင့် တယ်လို့ သဘောထားနေပြီဆိုတာ သိသာစေပါတယ်။ သတင်းမီဒီယာကျင့်ဝတ်ကို မလေးစား မလိုက်နာဘဲ သတင်းသမားရပိုင်ခွင့်ဆိုတာနဲ့ ကိုင်ပေါက်နေရင်တော့ အဖမ်းခံရတာဟာ ဝမ်းနည်းစရာမဟုတ်ပါဘူး။
# ရွှေထူး
Crd; စတုတ္ထမဏ္ဍိုင်

No comments:

Post a Comment