စာအုပ်နှင့်သီချင်းlink: မိုးညှင်းမြို့ မြို့ရှောင်လမ်းတွင် စုံတွဲတစ်တွဲ ဓားခုတ်ခံရပြီး တက္ကသိုလ်ကျောင်းသူမှာ နေရာတွင် သေဆုံးခဲ့ကာ ယောက်ျားလေးဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာရရှိ

Search This Blog

Monday, June 26, 2017

မိုးညှင်းမြို့ မြို့ရှောင်လမ်းတွင် စုံတွဲတစ်တွဲ ဓားခုတ်ခံရပြီး တက္ကသိုလ်ကျောင်းသူမှာ နေရာတွင် သေဆုံးခဲ့ကာ ယောက်ျားလေးဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာရရှိ

မိုးညှင်းမြို့ မြို့ရှောင်လမ်းတွင် စုံတွဲတစ်တွဲ ဓားခုတ်ခံရပြီး တက္ကသိုလ်ကျောင်းသူမှာ နေရာတွင် သေဆုံးခဲ့ကာ ယောက်ျားလေးဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာရရှိ

မိုးညှင်းမြို့ မြို့ရှောင်လမ်းတွင် စုံတွဲတစ်တွဲ ဇွန်၂၄ ရက် ညနေ ၄ နာရီခန့်တွင် ဓားခုတ်ခံရပြီး တက္ကသိုလ်ကျောင်းသူ အမျိုးသမီးတစ်ဦးမှာ နေရာတွင် သေဆုံးခဲ့ပြီး ယောက်ျားလေးဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ ကြောင်း သတင်းရရှိသည်။

ရဲစခန်းမှတ်တမ်းများအရ အခင်းဖြစ်နေရာမှာ မိုးညှင်းမြို့ မြို့ရှောင်လမ်းနှင့် ကိုက် ၁၀၀ ခန့်အကွာ လောက်စာတောင်သွားရာ လမ်းဘေးတွင်ဖြစ်ပြီး သေဆုံးသူမှာ မအေးဆုမွန် အသက် (၂၀) နှစ်၊ ဒုတိယနှစ် (သမိုင်း)၊ နောင်စွန်းအောက်ချိုင့်၊ အရှေ့စုရပ်ကွက်၊ မိုးညှင်းမြို့နေသူဖြစ်ကာ နောက်ကျောတွင် ထိုးသွင်းဒဏ်ရာ (၁၁) ချက်၊ ယာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာတစ်ချက်တို့ရရှိပြီး နေရာတွင် သေဆုံးနေကြောင်း၊  မြတ်ထွန်းဦး (၂၃) နှစ်၊ အုတ်ကျင်းရပ်ကွက်၊ မိုးညှင်းမြို့နေသူမှာ ဦးခေါင်းတွင် (၆x၁) စင်တီမီတာ ပြတ်ရှဒဏ်ရာတစ်ချက်၊ လည်ပင်းဝဲဘက်တွင် (၄x၁) စင်တီမီတာခန့် ပြတ်ရှဒဏ်ရာ ရှစ်ချက်၊ ၀ဲလက်ခုံတွင် (၂x၁)စင်တီမီတာ ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာဘက်လက်ညိုး၊ လက်ခလယ်၊ လက်သူကြွယ်သို့ ပြတ်ရှဒဏ်ရာများရရှိခဲ့ကြောင်း တွေ့ရသည်။

အခင်းဖြစ်ပွားရာနေရာကို ကြက်မွေးမြူရေး လုပ်ကိုင်နေသူတစ်ဦးနှင့် ခရီးသွားလူငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦးတို့က တွေ့မြင်ကာ စခန်းသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။ ဇွန် ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မအေးဆုမွန်အား ချစ်သူရည်းစားဖြစ်သူ မြတ်ထွန်းဦးက ဖုန်းဆက်ခေါ်၍ ဆိုင်ကယ်အတူစီးကာ ထွက်ခွာသွားကြောင်း မအေးဆုမွန်၏ မိခင်ဖြစ်သူ ပြောပြချက်အရ သိရသည်။

အခင်းဖြစ်ပွားရာနေရာတွင် ၂၅ လက်မခန့်ရှိ ဓားရှည်တစ်ချောင်း၊  ကိုးလက်မခန့်ရှိ ခေါက်ဓားတစ်ချောင်း၊ ရေသန့်ဘူးတစ်ဘူး၊ အပ်တပ်ထားသည့် ဆေးထိုးပိုက်နှစ်ချောင်းတို့ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကချင် ပြည်နယ် ရဲတပ်ဖွဲ့ရုံး ဒုရဲမှူးကြီးမျိုးသူရနောင်က “မနေ့က မိုးညှင်းဖြစ်စဉ်မှာ မိန်းကလေးကတော့ နေရာမှာ ဆုံးသွားတယ်။ အမျိုးသား က ဒဏ်ရာပြင်းထန်ပြီး မိုးညှင်း ပြည်သူ့ဆေးရုံမှာ ခွဲစိတ်မှုတွေ လုပ်ပြီးပါပြီ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူးလို့ ယူဆပါတယ်။ ဘာအတွက်ကြောင့်လဲဆိုတဲ့ ကိစ္စက အငြိုးအတေးရှိသလား။ မူးယစ်ဆေးဝါး သုံးစွဲလိုတဲ့ဆန္ဒနဲ့ လုယက်ပြီး လက်လွန်တာလား။ ဘယ်သူတွေကျူးလွန်တာလည်း စတာတွေကို စုံစမ်းဆဲပဲ ရှိပါသေးတယ်။ လူနာအခြေအနေကလည်း ဒဏ်ရာတွေ ပြင်းထန်လွန်းတော့ ဘာမှမေးမြန်း စုံစမ်းလို့မရနိုင်သေးတဲ့  အခြေအနေဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယင်းမှုခင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မိုးညှင်းမြို့မရဲစခန်းတွင် (ပ)၁၀၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး တရားခံဖြစ်သူကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည့် မအေးဆုမွန် ဒုတိယနှစ် (သမိုင်း)ကျောင်းသူကို ဇွန်၂၅ ရက်က မိုးညှင်းမြို့ သုသာန်တွင် သင်္ဂြိုဟ်ခဲ့ပြီး ကျောင်းနေဖက် သူငယ်ချင်းများ၊ မိတ်ဆွေများ၊ ဆွေမျိုးများ တက်ရောက် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
Writer:
ထွန်းလင်းအောင် (မြစ်ကြီးနား)

No comments:

Post a Comment