ဌာနဆိုင်ရာ အရာရှိ အချင်းချင်း၆၆(ဃ)ဖြင့် အမှုဖွင့်ထားမှု ငါးလအကြာတွင် ပြန်စစ်ဆေး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဌာနဆိုင်ရာ အရာထမ်း အချင်းချင်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားမှုကို နိုင်ငံတော် အတိုင်ပင်ခံရုံး၏ ညွှန်ကြားချက်အရ ဇွန်လဒုတိယပတ်မှ စတင်ကာ ပြန်လည် စစ်ဆေးနေကြောင်း သတင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ နယ်စပ် ဝင်ပေါက်များ စစ်ဆေးရေး အထူးကိုယ်စားလှယ်ကို ကျိုင်းတုံခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးက ၆၆(ဃ)ဖြင့် အမှုဖွင့်ထားမှုနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံရုံးမှ စစ်ဆေးရန် ညွှန်ကြားလာကြောင်း၊ ယင်းအမှုကို ကနဦး စစ်ဆေးခဲ့သည့် (စစစ) နှင့် (CID)မှ အရာရှိများ အပါအဝင် ကျိုင်းတုံနှင့် တာချီလိတ်မြို့ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အကြီးအကဲများ၊ ဌာနဆိုင်ရာများနှင့် ကုန်သည်ကြီးများကို ပြန်လည် စစ်ဆေးနေကြောင်း အမှုစစ် အရာရှိတစ်ဦးက ပြောကြားသည်။
“တရားမဝင် ကုန်သွယ်နေသူတွေနဲ့ တားမြစ်ကုန်ပစ္စည်းတွေ ဝင်ထွက်သွားလာနေတာကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတွေအနေနဲ့ မတားမြစ်သလို ပူးပေါင်း ဆောင်ရွက်ခြင်းမရှိတဲ့အပြင် နယ်စပ်ကုန်သွယ်ရေး ဝင်ပေါက်တွေမှာ ရှိတဲ့ တရားမဝင် ကုန်သွယ်မှု စစ်ဆေးရေးအဖွဲ့တွေကို ညွှန်ကြားမှု မရှိဘဲ သူတို့က ရုပ်သိမ်းခဲ့တယ်။ ဒါတွေကို သက်သေ အထောက်အထားနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ တိုင်ကြားခဲ့လို့ ပြန်စစ်ဆေးတာပါ”ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ နယ်စပ်ဝင်ပေါက်များ အထူးကိုယ်စားလှယ် ဦးမင်းအောင်က ပြောဆိုသည်။
နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး အပါအဝင် ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူးနှင့် မိမိ၏ နာမည်များကို လူမှုကွန်ရက်ပေါ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ နယ်စပ်ဝင်ပေါက်များ စစ်ဆေးရေး အထူး ကိုယ်စားလှယ်က မဟုတ်မမှန် ရေးသားခဲ့သဖြင့် ၎င်းကို ဖေဖော်ဝါရီလက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားလို ပြုလုပ်ကာ တိုင်ကြားခဲ့ကြောင်း ယခင် ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောကြားထားသည်။
ဌာနဆိုင်ရာ အရာရှိ အချင်းချင်း ၆၆(ဃ)ဖြင့် အမှုဖွင့် အရေးယူမှုမှာ ပထမဦးဆုံးဖြစ်ပြီး အမှုဖွင့်ခံရသူကို မဖမ်းဆီးသည့်အပြင် တရားစွဲဆိုခြင်းလည်း မရှိကြောင်း၊ လူမှုကွန်ရက်တွင် အမည်နှင့်တကွ ရေးသားခြင်းခံရသော ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူးမှာ ရာထူးတိုးမြှင့် ပြောင်းရွှေ့သွားသည့်အပြင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အမှုစစ် အရာရှိ ကျိုင်းတုံမြို့မရဲစခန်းမှူးတို့သည်လည်း အခြားမြို့နယ်များသို့ ပြောင်းရွှေ့သွားပြီ ဖြစ်ကြောင်း ကျိုင်းတုံဒေသခံများထံမှ သိရသည်။
The Voice
No comments:
Post a Comment