အခန်းတစ်ခန်း ကနေ နောက်တစ်ခန်း ကူးလိုက်ရင် ဦးနှောက်က အရင်ဟာတွေ မေ့သွားတာ ဘာကြောင့်လဲ
ကျန်းမာရေး, ဗဟုသုတ, လူမှု့ဘဝ, သိပ္ပံ, အထွေထွေ
အခန်းတစ်ခန်းထဲ လမ်းလျှောက် ၀င်လိုက်ပြီးပြီးချင်း မှာပင် ထိုအခန်းထဲ ဘာကြောင့်ဝင်မိလဲ စဉ်းစား လို့ကို မရတာမျိုး လူတော်တော်များများ ကြုံဖူးကြ လိမ့်မည်။
ထိုသို့ မေ့သွားခြင်းမှာ မိမိ ပေါ့လျော့ သောကြောင့် မဟုတ်။ ဦးနှောက်၏ သဘာဝ တစ်ခုသာ ဖြစ်ကြောင်း စိတ်ပညာရှင် များက ပြောသည်။ ဦးနှောက်သည် တံခါးပေါက် ကဲ့သို့ တစ်ဖက်မှ တစ်ဖက်သို့ ကူးလို့ ရသည့် အပေါက်မျိုးကို မြင်ရသည့် အခါ ကိစ္စတစ်ခု အပြီးသတ်ပြီး နောက်တစ်ခု အစပြုရမည့် အချိန်ဟု မှတ်ယူ သဖြင့် တံခါးပေါက်ကို မဖြတ်ကျော်ခင် အချိန်က ကိစ္စများကို ရေတိုမှတ်ဉာဏ်ပေါ်မှ ဖျက်ပစ်ကာ ရေရှည် မှတ်ဉာဏ် ဘက်သို့ ပို့လိုက် သဖြင့် ဗြုန်းစားကြီး မေ့သွားခြင်း ဖြစ်ကြောင်း သုတေသီတို့က ဆိုသည်။
အမေရိကန် နိုင်ငံ၊ အင်ဒီယားနား ပြည်နယ် နော်တာဒမ် တက္ကသိုလ်မှ သုတေသီ တို့၏ လေ့လာ တွေ့ရှိချက်ကို Experimental Psychology ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားသည်။ အလေ့လာခံ များကို ကွန်ပျူတာတွင် အခန်း တစ်ခန်းပြီး တစ်ခန်းကူး ရသည့် ဂိမ်းမျိုး ကစားခိုင်းသည်။ အခန်းတစ်ခန်း ထဲမှ ပစ္စည်း ကို နောက်အခန်း တစ်ခုသို့ သယ်သွားခိုင်းသည်။ ပစ္စည်းများကို ကောက်ကာ ပုံးထဲ ထည့်လိုက် ပြီးသည်နှင့် ထိုပစ္စည်းများ ပျောက်သွားသည်။ ဖြေဆိုသူများကို နှစ်စုခွဲ လိုက်သည်။ တစ်စုကိုကား နောက်အခန်း တံခါးပေါက်ကို ဖြတ်ကျော် ၀င်ရောက်ပြီးမှ ပစ္စည်းစာရင်း မေးသည်။ နောက်တစ်စု ကိုကား ယခင် အခန်းထဲ မှာပင် မိနစ်ပိုင်းခန့် လျှောက်သွားနေစေ ပြီးမှ ပစ္စည်းစာရင်းကို မေးသည်။ ထိုအခါ တံခါးပေါက်ကို ကျော်လိုက် သူများသည် ပစ္စည်း စာရင်းကို ပိုမေ့လျော့ ကြကြောင်းကို တွေ့ရှိခဲ့ ရသည်။
လက်တွေ့တွင်လည်း ထိုတွေ့ရှိချက် မှန်ကန်ခြင်း ရှိမရှိကို အခန်းများ ထဲတွင် အလေ့လာခံ များကို နေခိုင်းကာ ဂိမ်းထဲက အတိုင်း စမ်းသပ်သည်။ ထိုအခါတွင်လည်း တံခါးပေါက်ကို ဖြတ်ကျော်ပြီးမှ ပစ္စည်း စာရင်း ပြန်ရွတ်ရသူ များသည် ပိုမေ့လျော့ကြကြောင်း တွေ့ရှိခဲ့ရ ပြန်သည်။
Credit:Messenger
No comments:
Post a Comment